■ BLACKPINK အဖွဲ့ဝင်အဖြစ် ပွဲထွက်နိုင်ဖို့ ဘယ်လောက်ခက်ခဲပါသလဲ

— – – ဗိုက်ပွတ်ရမှာ ဖြစ်ရသလို ပိုးဟပ်တွေနဲ့လည်း စစ်ခင်းရမယ်ဆိုရင်ရော အဆင်ပြေပါ့မလား …

BLACKPINK အဖွဲ့ရဲ့ reality show ဖြစ်တဲ့ 24/365 With BLACKPINK အပိုင်း (၅)မှာ အဖွဲ့ဝင်တွေဟာ မကျော်ကြားခင်တုန်းက သူတို့ရဲ့ သင်တန်းသူဘဝ အခက်အခဲတွေကို ရိုးသားစွာ ဖွင့်ဟခဲ့ကြပါတယ်။

လက်ရှိဘဝနဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူတို့ဘဝတွေ ကွာခြားပုံကို BLACKPINK အဖွဲ့ဝင်တွေက အစားအသောက်က စပြီး ပြောဆိုခဲ့ပါတယ်။ “သင်တန်းသူဘဝတုန်းက Deli က အစားအသောက်တွေ များများမစားခဲ့ဖူးပါဘူး။ ကြက်ကြော်တို့လို ဟာမျိုးတွေပေါ့”လို့ Rosé က ဆိုပါတယ်။

အခုအချိန်မှာ BLACKPINK အဖွဲ့ဝင်တွေဟာ အဆင့်မြင့်စားသောက်ဆိုင်တွေ၊ ဘူဖယ်လ်တွေနဲ့ သာယာနေပါတယ်။ သင်တန်းသူဘဝက စားခဲ့ရတာတွေကတော့ အတော်လေးကို ရိုးရှင်းပါတယ်။

Jennie – ကြက်ဥကြော်နဲ့ စတော်ဘယ်ရီယိုတွေပဲ အများဆုံးစားခဲ့ရတာကို သတိရတယ်။

Rosé – ဖက်ထုတ်နဲ့ အချဉ်ရေ။ ဘယ်လိုတွေများ ပေါင်းစားခဲ့လဲ မသိဘူး။

Jennie – အဲဒါတွေပဲ ငါတို့ နေ့တိုင်း စားခဲ့ရတာလေ။

အဲဒီတုန်းက BLACKPINK အဖွဲ့ဝင်တွေဟာ နေ့တိုင်း သူတို့စားချင်တာတွေ ဝယ်စားဖို့ ပိုက်ဆံမရှိခဲ့သလို၊ ဈေးဆိုင်တွေကို အရမ်းသွားခဲတယ်လို့ ဆိုပါတယ်။

“အဲဒီတုန်းက စားချင်တာတွေ ဝယ်စားဖို့ ကျွန်မတို့မှာ ပိုက်ဆံမရှိပါဘူး။ အသီးအရွက်တွေ ဝယ်တာတောင် တစ်လ တစ်ခါပဲ လုပ်နိုင်ခဲ့တာပါ။ ကျွန်မတို့ အမြဲတမ်းစားဖြစ်တာက ကြက်ဥကျော်နဲ့ စတော်ဘယ်ရီယိုပါပဲ”လို့ Jennie က ဆိုပါတယ်။

အစားအသောက်ဒုက္ခတစ်ခုပဲ သူတို့ ကြုံတွေ့ခဲ့ရတာ မဟုတ်ပါဘူး။ သင်တန်းသူဘဝမှာ နောက်ထပ်ကြုံရတဲ့ အခက်အခဲတွေကို BLACKPINK အဖွဲ့ဝင်တွေ အခုလို ထပ်ပြောပါတယ်။

Jennie – တစ်ခါတုန်းက ကျွန်မတို့ ပိုးဟပ်တွေ ပေါတဲ့အခန်းမှာ နေခဲ့ရတာပါ။

Jisoo – ပိုးဟပ်တွေက အဆိုးဆုံးပဲ။

Rosé – ပြီးတော့ ကင်းတွေလည်း ရှိသေးတယ်လေ။

Jisoo – ကျွန်မတို့ ကင်းတွေကို မဖမ်းရဲဘူးလေ။ ဒီတော့ သူတို့ကို တွေ့ရင် ခွက်လေးနဲ့ ဖုံးထားတယ်။ တစ်ကောင် ဖုံးမိရုံပဲ ရှိသေးတယ်။ နောက်တစ်ကောင် ထွက်လာတော့ပါပဲ။

ပိုးဟပ်တွေ၊ ကင်းတွေ မကြောက်မရွံ ခွက်ကလေး လိုက်အုပ်ပေးခဲ့သူက တခြားသူတော့ မဟုတ်ပါဘူး။ BLINK တွေရဲ့ Oppa ဖြစ်တဲ့ Lisa ပဲ ဖြစ်ပါတယ်။

“Lisa က အကောင်ပလောင်တွေ ဖမ်းထားတာတောင် ကျွန်မတို့က အနားမကပ်ရဲဘူး။ ဒီတော့ Lisa ကိုပဲ တော်တယ်။ တော်တယ်နဲ့ အားပေးရတယ်။ Lisa အကောင်ပလောင်တွေ ဖမ်းပြီး ကျွန်မ ဘာဆက်လုပ်မရလဲဆိုပြီး ဖြစ်နေတာ”လို့ Jisoo က ပြောပြပါတယ်။

YG မှာ သင်တန်းသူအဖြစ် ရွေးချယ်ခံရပြီး Dorm လာရတာ ဘယ်လောက် ဝမ်းနည်းစရာကောင်းတယ်ဆိုတာကို Rosé က ဆက်ပြောပါတယ်။

“မိသားစုတွေနဲ့ ခွဲပြီး နေရမယ်ဆိုတာကို မသိဘူးလေ။ ကျွန်မ Drom ကို ရောက်လာတာနဲ့ ဖေဖေနဲ့ မေမေက ‘သမီး မေမေတို့ အခုပြန်တော့မယ်’ဆိုပြီး ပြောတယ်။ ကျွန်မလည်း ဆွံအသွားပြီး ‘အမေတို့က ဘယ်သွားမလဲ’လို့ မေးလိုက်တယ်။ မေမေက ‘သမီး ဒီမှာ တခြားသင်တန်းသူတွေနဲ့အတူ နေရမှာလေ’လို့ ကျွန်မကို ပြန်ပြောပါတယ်”လို့ Rosé က ဆိုပါတယ်။

လက်ရှိအချိန်မှာ BLACKPINK အဖွဲ့ဝင်တွေရဲ့ နေထိုင်မှုတွေကို ကြည့်ပြီး လူတွေက သူတို့ဘဝက သာယာနေတယ်လို့ ထင်ကြပေမယ့် Jennie က အဲဒီလိုမဟုတ်ပါဘူးလို့ ဆိုခဲ့ပြီး သူတို့အတွက် အရာအားလုံးဟာ ပန်းခင်းလမ်းချည်း မဟုတ်ဘူးလို့ ပြောဆိုခဲ့တာပါ။

“ကျွန်မတို့ ဘယ်လိုနေခဲ့ရတယ်။ ဘယ်လို ရုန်းကန်ခဲ့ရတယ်ဆိုတာကို လူတွေ သိမှာ မဟုတ်ပါဘူး။ သူတို့က အခု ကျွန်မတို့ရဲ့ လက်ရှိအခြေအနေတွေကိုပဲ မြင်ကြတာပါ”လို့ Jennie က ပြောပြပါတယ်။

သူတို့ဟာ သင်တန်းသူဘဝမှာ အခက်အခဲ၊ အကျပ်အတည်းတွေကို အတူတူလက်တွဲပြီး ကျော်ဖြတ်ခဲ့ရတာကြောင့် သူတို့အကြားက ညီအစ်မဆက်ဆံရေးဟာ ပိုမိုခိုင်မြဲတာဖြစ်တယ်လို့ ဆိုကြပါတယ်။ Jennie က “အဲဒီအချိန်တွေက ကျွန်မတို့ အစည်းလုံးဆုံးအချိန်တွေပါပဲ”လို့ ဆိုပါတယ်။

— ဃဲ
Ref: 24/365 With BLACKPINK